အမေးများအတွက် အဖြေလွှာ

လက်တွေ့ဧဝံဂေလိဆိုင်ရာသက်သေခံချက်များ December 10, 2009

Filed under: သက်သေခံချက်များ — amayaphay @ 11:58 am
Tags:

ဧဝံဂေလိပြောရန် ကျွန်တော်သည် တန်ဆာပလာသာဖြစ်ပြီး အမှန်တကယ်ပြောသူမှာ ဘုရားဖြစ်၏။

ကျွန်တော်ခသ ၂၀ဝ၀ အထူး ဧဝံဂေလိလုပ်ငန်းတွင် ဆက်ကပ်ရန် တပည့် တော်ဖြစ်သင်တန်း သုံးလကို အရင်တက်ရ ပါသည်။ လူတို့ထံ အဘယ်ကဲ့သို့ ချဉ်းကပ် ရမည် အဘယ်ကဲ့သို့ပြောရမည်ကို ဆရာက စာတွေ့နှင့် အတွေ့အကြုံများကို သင်ပေးပြီး နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆို လေ့ကျင့်ရပါသည်။ ထို့နောက် ညနေပိုင်းတွင် ဆေးရုံသို့သွားပြီး  အရိုးဌာနရှိ လူနာများ အား သွားရောက် ပြောဆို လေ့ကျင့်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ရပ်ကွက်ထဲဆင်း၍ လေ့ကျင့်ပြောကြားစေခဲ့ပါသည်။ လူတို့နား ထောင်လိုသည်ဖြစ်စေ နားမထောင်လိုသည်ဖြစ်စေ ပြောဆိုခြင်းမျိုးမပြုပါဘဲ ဝိညာဉ် တော်ဘုရား၏ လမ်းပြမှုအတိုင်း အရင်ဆုံး မိတ်ဖွဲ့ စကားပြောကာ ဧဝံဂေလိ ပြောဖို့ အခွင့်သာမှသာလျှင်ပြောပြီး အခွင့်မသာပါက ဝေစာလောက်သာပေး၍ ပြန်ခဲ့ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး အောက်ကျို့လျက် ဧဝံဂေလိကိုပြောရန် ဘုရားရှင်၏ ဝိညာဉ်တော်မစမှုမပါရှိဘဲ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။

ကျွန်တော်တတ်သည်က တရားသုံးပါးအကြောင်းသာဖြစ်ပါသည်။ ကျွန်တော် ဧဝံဂေလိပြောရန် တာဝန်ပေး ထားသော ရွာလေးသည် မြန်မာစကားသိပ်မပြောတတ်ကြ ပါ။ ထို့ကြောင့် စကားပြန်နှင့် ဧဝံဂေလိ ပြောရပါသည်။ ထိုရွာတွင် အဒေါ်ကြီးတစ်ဦး ကို စကားပြန်ဖြင့် တရားစဟောပါသည်။ စကားပြန်နှင့်အတူ တစ်နှစ်သားအရွယ် ကလေးတစ်ဦးလည်း လိုက်ပါလာပါသည်။

အပြစ်တရားအကြောင်းကိုစပြောစဉ် လူသည်မွေးဖွားလာကတည်းက ဗီဇ အပြစ်ပါလာကြောင်း ထို့ကြောင့် ကလေးဘဝ ကတည်းကပင် အပြစ်ကိုသင်ပေး စရာမလိုဘဲ လုပ်တတ်ကြောင်း ပြောသောအခါ အဒေါ်ကြီးက ရယ်ပါသည်။ လူသည် အပြစ်သား ဖြစ်သည်က ပထမ အပြစ်ပြုတတ်သည်က ဒုတိယဖြစ်ပြီး ထိုအပြစ်သား ဖြစ်သော လူသားတိုင်း ငရဲသားများသာ ဖြစ်ကြောင်း ရှင်းပြ သော်လည်း လက်မခံသည့် အပြင်သူသည် လူကောင်းတစ်ဦးဖြစ်ကြောင်းနှင့် သေလျှင် ကောင်းရာဘုံသို့ ရောက်မည့် သူဖြစ်ကြောင်း ကျွန်တော့ကို ယုံကြည်မှုအပြည့်နှင့် ပြန်ပြောနေပါသည်။ မည်သို့မျှ ရှင်းပြလို့လည်းမရပါ။ ထိုစဉ် စကားပြန် အမကြီးရဲ့သားကလည်း အိမ်ပြန်ဖို့ရန် ငိုယို အော်ဟစ်နေပါသည်။

တရားသုံးပါးတွင် နောက်ထပ်နှစ်ချက် ထပ်ပြောဖို့နေနေသာသာ ပထမအပြစ် တရားအကြောင်းပင် ရှင်းလို့မပြီး၊ ကလေး ကလည်း ပြန်ဖို့ တချိန်လုံး ငိုယိုဂျီကျ နေသည်။ စကားပြန်မှ စကားပြန်ဆိုပေးနေစဉ် ဘုရားကိုကျွန်တော်ကအကူအညီ တောင်းရ ပါတော့သည်။ မကြာပါ၊ လမ်းပင်မလျှောက်တတ်သေးဘဲ မတ်တတ်ရပ် တတ်ခါစသားလေးက ထိုင်နေသော သူ့အမေ၏ ဆံပင်ကို မလွှတ်တမ်းဆွဲပြီး ၊ ဒေါသ တကြီးနှင့် ငိုယိုအော်ဟစ် ကန်ကျောက်ပါ တော့သည်။ ကျွန်တော်နှင့် အဒေါ်ကြီးက ဝိုင်းဖြည်ပေးရပြီး တရား ဟောခြင်း ကိုလည်း ထိုနေရာမှပင်အဆုံးသတ် လိုက်ရပါ တော့သည်။

စကားပြန်အစ်မကြီးကလည်း ဒေါသတကြီး အော်ဟစ်ငိုယိုနေသော ကလေးငယ်ကိုချော့ရင်း နှုတ်ဆက်လျက် အိမ်သို့ ပြန်သွားပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း စကားပြန်မရှိတော့သည့်အတွက် ထိုအဒေါ်ကြီးကိုဘယ်လိုလဲ ဟူသော အကြည့် တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ ထိုအဒေါ်ကြီး၏စိတ်ထဲတွင် ထိုကလေးထံမှ သမ္မာတရား တစ်ခုကို သိရှိလိုက်သည့် အသိစိတ်အား သူ၏မျက်လုံးထဲ တွင် ကျွန်တော် မြင်တွေ့လိုက်ရပါသည်။ လူသည် အပြစ်သားဖြစ်သည့်အတွက် မွေးက တည်းကပင်လောဘ၊ ဒေါသ၊ မောဟတို့ ပါလာသည် မဟုတ်ပါလား။ အဲဒီနောက် ကျွန်တော်လည်း နှုတ်ဆက်လျက်အဒေါ်ကြီးအိမ်မှ ပြန်လာခဲ့ပါသည်။

နောက်တစ်ရက်တွင် စကားပြန်အစ်မကြီးမှ ကျွန်တော်နေရာအိမ် သို့ရောက်လာပြီး မနေ့ကအဒေါ်ကြီးသည် သမ္မာကျမ်းစာ သင်ကြားခြင်းကို ဆက်လက်ခံ ယူလိုသည့်အတွက် ကျမ်းစာထပ်မံသင်ပေးဖို့ တောင်းဆိုလာ ပါသည်။ ယခုအခါ သူမတင်မက သူနှင့်အိမ်သူအိမ်သားအားလုံး ဗတ္တိဇံခံယူလျက်ယုံကြည်ခြင်း ခိုင်မာသော ခရစ်ယာန်များဖြစ်နေကြပြီဖြစ်ပါသည်။ မှတ်မှတ်ရရ ထိုနှစ်အသင်းတော်တွင် ဧဝံဂေလိ အမှုတော်ဆောင် တစ်ဆယ့်နှစ်ဦးဖြင့် အမှုတော်ဆောင်စေသည့်အတွက် အသင်းတော်၏ လစဉ် ပထမအပတ် ပွဲတော်နေ့တိုင်းတွင် ပြောင်းလဲလာသောလူသစ်များ၏ နှစ်ခြင်း မင်္ဂလာခံယူခြင်း အစီအစဉ် ရှိခဲ့ပါသည်။

ကျွန်တော်ထိုရွာကို ဧဝံဂေလိစဝင်စဉ် ထမ်းပိုးမညီ သုံးအိမ်သာရှိပါသည်။ တနည်းအားဖြင့် အိမ်ခြေနှစ်ရာကျော်ရှိသော ထိုရွာတွင် ခရစ်ယာန်သုံးဦးသာရှိပါသည်။ ထိုထမ်းပိုးမညီ အမျိုးသမီးသုံးဦးတို့၏ ဧဝံဂေလိ စိတ်အားထက်သန်မှု ၊ ရွာခံများ ဖြစ်သည့် သူတို့ကိုယ်တိုင်က ပါဝင်မှုနှင့် အသင်းတော်မှ ဝိုင်းဝန်း ဆုတောင်းပေးမှု တို့ကြောင့် ယခုအခါ ထိုရွာလေးတွင် ယုံကြည်သူမြောက်များစွာရှိလာပြီး အလွန် လှပသော ဘုရားကျောင်းကြီး တစ်ကျောင်းနှင့် သင်းအုပ်ဆရာမတစ်ဦးပင် ရှိနေပြီ ဖြစ်ပါသည်။