ပညတ်တရားသည်မောရှေအားဖြင့် ဤကမ္ဘာလောကသို့ ဝင်ရောက် လာပြီး ထိုပညတ်တရားအားဖြင့် လူတိုင်းမှာ အပြစ်ရှိကြောင်းကိုသိရ ပါသည်။
သမ္မာကျမ်းစာတွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပညတ်၊ အုပ်ချုပ်စီမံရေး ဆိုင်ရာပညတ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် ဟူ၍ ဆောင်ရန် ရှောင်ရန်အချက် (၆၁၃) ချက်ရှိပါသည်။ ပညတ်တို့သည်အကုန်အစင်အချိန်တိုင်း ကျင့်ရမည်ဖြစ်ပြီး တစ်ချက်ကျူးလွန် မိပါက အလုံးစုံတို့ကို လွန်ကျူးရာသို့ရောက်ပါသည်။ ဥပမာ၊ စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာကျက စာမေးပွဲကျ ပါသည်။
မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်ဟု ကျမ်းစာက ဆိုထားသကဲ့သို့ အပြစ်သားဖြစ်သော လူသားတိုင်းတို့သည် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ သွန်သင်မှုအတိုင်း ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်ကြပါသော်လည်း စံချိန်မှီအောင် ကျင့်နိုင်သော လူသား တစ်ဦးယောက်မျှ လောကတွင်မပေါ်မရှိသေးပါ။ ထို့ကြောင့် ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်သူဖြစ်စေ၊ ကြိုးစား အားထုတ်မှု မရှိသောသူဖြစ်စေ ထိုကောင်းမှုတို့ဖြင့် အပြစ်မှလွတ်နိုင်ခြင်းငှါမတတ်စွမ်းနိုင်ကြပါ။ အပြစ်သားများသာ ဖြစ်ကြပါသည်။ ဥပမာ ကောင်းရာဘုံသို့ ရောက်ရှိဖို့ မိမိကိုယ်ပိုင်အရည်အချင်းတို့ဖြင့် ကြိုးစားအားထုတ်သူသည် သမုဒ္ဒရာ၏တစ်ဖက် ကမ်းသို့ လက်ပြစ်ကူးပြီးသွားဖို့ကြိုးစားသူနှင့် တူပါသည်။ လူအချို့က မီတာတစ်ရာ ကူးနိုင်မည်ဖြစ်ပြီး လူအချို့က မီတာငါးရာထိကူးနိုင်သည့်တိုင် မည်သူတစ်ဦး တစ်ယောက်မျှ တစ်ဖက်ကမ်းသို့ ရောက်နိုင်ကြမည်မဟုတ်ပါ။ ကောင်းမှုကုသိုလ်မလုပ်ရ ဟု မဆိုလိုပါ၊ ထိုအပိုင်းက ‘ဒုတိယပိုင်းဖြစ်ပါသည်။
သမ္မာကျမ်းစာက ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ် ရာသို့မရောက်နိုင်၊ ပြုဘူးသမျှသော ကောင်းမှုကုသိုလ် တို့သည်လည်း ဘုရားရှေ့တွင် ညစ်သောအဝတ်နှင့်သာတူပါ၏ဟု ဆိုထားပါသည်။ ကောင်းမှုကုသိုလ်အကျင့် သီလတို့ဖြင့် ဖြောင့်မတ်ရာသို့ရောက်ဖို့ သန့်ရှင်းသောဘုရားရှေ့တွင် ကြိုးစားအားထုတ် နေသူသည် ဥပမာ- အနူအစိုလက်နှင့်သုပ်သော လ္ဘက်သုပ်နှင့်တူပါသည်။ လ္ဘက်သုပ်မှာ အလွန်ကောင်းပါသော်လည်း သုပ်သောလက်က နူနေခြင်းကြောင့် သန့်ရှင်းခြင်းမရှိပါ။