အမေးများအတွက် အဖြေလွှာ

ကောင်းသောအကျင့် December 10, 2009

ကောင်းတာလုပ်ရင် ကောင်းရာသို့ ရောက်လိမ့်မည် မဟုတ်ပါလား?

မဟုတ်ပါ။ ထာဝရဘုရား၏သမ္မာကျမ်းစာတော်မြတ်တွင် ယေရှုဘုရားအား ဖြင့်သာ လူသားတိုင်း ကောင်းရာသုခဘုံသို့ရောက်ရာ တစ်ခုတည်းသောလမ်း ဖြစ်သည် ဟုဖေါ်ပြထားပါသည်။ အမြင်ကျဉ်းမြောင်းသော အယူဝါဒဟု ထင်ပါသလား။ ထာဝရ ဘုရား၏ သမ္မာကျမ်းပါ တရားသုံးပါးတွင် အဖြေရှိပါသည်။ သမ္မာကျမ်းအကြောင်းကို ဦးစွာဖေါ်ပြပေးလိုပါသည်။ (ယော ၁၄း၆)

(more…)

 

ဘာ့ကြောင်း ဘုရားစီရင်သနည်း?

ဘုရားက မေတ္တာရှင်ဟုဆိုပြီး ခေတ်အဆက်ဆက် သူဖန်ဆင်းထားသော လူသားများတို့ကို  မီးနှင့်၎င်း၊ ရေနှင့်၎င်း၊ ရက်စက်စွာ စီရင်ခဲ့ကြောင်း သိရပါသည်။ အဘယ့်ကြောင့်နည်း?

၁. ဘုရားသည်ဖြောင့်မတ်သည့်အတွက် အပြစ်ရှိသူကို အပြစ်ရှိသည်အလျှောက် မျက်နှာမလိုက်ဘဲစီရင်တော်မူသောတရားမင်းဖြစ်တော်မူ၏။

၂. ဘုရားသည် ကောင်းမြတ်သည့်အတွက် ကောင်းမြတ်သူကို ကောင်းမြတ်သည် အလျှောက် ဆုပေးတော်မူသော သစ္စာရှင်ဖြစ်တော်မူ၏။

၃.ဘုရားသည်ကရုဏာရှင်ဖြစ်သည့်အတွက်မိမိအပြစ်မှ အမှန်တကယ် နောင်တရသူကို ခွင့်လွှတ်တော်မူတတ်သော မေတ္တာရှင်လည်းဖြစ်၏။

လူအများ ဘုရား၏အနှိုင်းမဲ့ကောင်းမြတ်ခြင်းနှင့် မေတ္တာရှင်ဖြစ်သည်ဟူသော အချက်နှစ်ချက်ကို မမှတ်ယူဘဲ အပြစ်ရှိသည် အလျောက် မျက်နှာမလိုက်ဘဲ စီရင်သောအချက်များတို့ကိုသာထောက်ပြကာ ဘုရားကို ရက်စက်သောဘုရားအဖြစ် ဝေဖန်တတ်ကြပါသည်။ ကျမ်းစာတွင် ဘုရားနှစ်မျိုးရှိပါသည်။ ထာဝရဘုရား (God သည် အပြစ်ရှိသူကိုလည်း မစီရင်၊ ကောင်းမြတ်သူကိုလည်း ဆုမပေးနိုင်၊ အပြစ်မှ နောင်တရသူကိုလည်း ခွင့်လွှတ်နိုင်ခြင်းငှါ မစွမ်းသည့်  အရှင်များ၊ ဘုရားများ (God)  နှင့်တော့ မတူနိုင်ပါ။  (God)  ကစီရင်ရာနေ့တွင် ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သောလူတို့သတ်မှတ်သည် (Gods)  တို့ကိုပါ တရားစီရင်လိမ့်မည့်အကြောင်းသမ္မာ ကျမ်းစာက ဆိုထားပါသည်။ (ဆာ ၈၂း၁)

 

ဘာကြောင့်စစ်ဖြစ်ရ?

Filed under: ရခဲမွန်မြတ်လူ့ဘ၀ — amayaphay @ 8:55 am
Tags:

ယနေ့ကမ္ဘာပေါ်တွင် စစ်ပွဲများ ရန်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ မြေ ငလျင်လှုပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ၊ ကာလနာ ရောဂါဆန်းများ အဘယ့်ကြောင့်များပြားလာရပါသနည်း၊ ဘုရားကဒါတွေကို မသိဘူးလား၊ ထိန်းချုပ်မပေးနိုင်ဘူးလား?

ယေရှု၏ တပည့်တော်များက ကိုယ်တော်လောကသို့ ဒုတိယအကြိမ် ပြန်လည်ကြွလာချိန် နီးလျှင် အဘယ်ပုပ္ပနိမိတ်များ ဖြစ်မည်ကို အမိန့်ရှိတော်မူပါ ဟု လျှောက်ကြလျှင် ၊ ယေရှုက လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မတရားသောအမှုတို့သည် များပြားသဖြင့် ချစ်ခြင်း မေတ္တာသည် ခေါင်းပါးလိမ့်မည် ဟု မိန့်ဆိုခဲ့ပါသည်။ (မဿဲ ၂၄း၇)

ဟုတ်ပါသည်ယနေ့စစ်ပွဲများ သည် လူသားများနဲ့ ရင်းနှီးနေသော ဝေါဟာရဖြစ်နေပါပြီ၊ စစ်အသုံး စရိတ်များသည်လည်း အလွန်များပြားလွန်းလှပါသည်။ တွ(မ်)မဟော့ဒုံးကျည်တစ်စင်းကပင် ၁.၃ သန်း ခန့်တန်ဘိုးရှိပြီး ထိုငွေသည် ယနေ့ ငတ်မွတ်နေသော ကလေးငယ်များကို ကျွေးမွေးပါက ငါးနှစ်ခန့်ကျွေးမွေး၍ရပါသည်။

ယနေ့ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံသည် ကောင်းစွာစားနိုင်ကြပြီး၊ သုံးပုံ တစ်ပုံသည် ကောင်းစွာ မစားနိုင်ကြပါ၊ ကျန်သုံးပုံတစ်ပုံသည် ငတ်မွတ်မှု ဒဏ်ကို ခံနေကြရပါသည်။ အမှန်မှာ တိုးပွါးများပြားလာသော လူသားများအားလုံးကို ကမ္ဘာကြီး က ကျွေးနိုင်ပါသည်။ စီးပွါး ရေးသမားအချို့သည် မိမိ၏စီးပွါးရေး ဈေးကွက် အတွက် တန်ပေါင်းများစွာသော အစားအစာတို့ကို မီးရှို့ ဖျက်ဆီးနေခဲ့ကြပါသည်။ လူသားများ၏ လောဘ၊ ဒေါသ၊ မောဟများနှင့် ချစ်ခြင်းမေတ္တာခေါင်းပါးမှု တို့က ငတ်မွတ်မှု ကိုဖြစ်စေပါသည်။

ယနေ့ကမ္ဘာပေါ်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် မြေငလျင် လှုပ်မှုများ များပြားလာပါသည်။ ရာစုတစ်စုနှင့်တစ်စုတွင် သုံးဆ သုံးဆခန့် တိုးလာ ပါသည်။ ယနေ့ ကမ္ဘာကြီးသည် အမူးသမားပမာ ယိမ်းထိုးနေခြင်းသို့  ဦးတည် နေသည်ဟု ပညာရှင်များက ဆိုကြပါသည်။

ယနေ့မကြားဖူးသော ကာလနာရောဂါသစ်များ တိုးလာပြီး ထိုရောဂါ သစ်များကြောင့်နှစ်စဉ် လူပေါင်းများစွာအသက်ဆုံးရှုံးကြရ ပါသည်။ ဤအရာများတို့ သည်ကား ယေရှုဘုရား ဒုတိယအကြိမ်ကြွလာချိန်နီးပြီ ဖြစ်ကြောင်း နိမိတ် လက္ခဏာများနှင့် ယေရှုဘုရား၏ ပရောဖက်ပြုချက် ပြည့်စုံလာခြင်းပင် ဖြစ်ပါသည်။

 

ရခဲလေစွ လူ့ဘဝ

လောကမှာလူဖြစ်လာရခြင်းတွင် မည်သည့်အကြောင်းအရာသည်ဘယ် အကြောင်း အရာအားလုံးရဲ့အထက်  အရေးအကြီးဆုံးဖြစ်ပါသနည်း?

မိမိ တမလွန်မှာ ဘယ်ကိုသွားမှာလဲဆိုသည့်အကြောင်းအရာက အရာအားလုံး ရဲ့အထက် အရေးအကြီးဆုံးဖြစ်ပါသည်။ မိမိ၏ ပညာရေး၊ စီးပွါးရေးနှင့် လူမှုရေး တို့ကိုမလုပ်ရပါဟု မဆိုလိုပါ။ ထိုအရာတို့ကိုလုပ်ဆောင်ရင်း တမလွန်အရေးကို ဦးစားပေးဖို့ရန် လိုအပ်ပါသည်။  အဘယ်ကြောင့်ဆိုသော် သေခြင်းတရားသည် အရွယ် မရွေးပါ။( မာ ၈း၃၆၊ သု ၂၇း၁၊ မ ၆း၃၃)

 

ဖန်ဆင်းရှင်ရှိနိုင်မည်လား?

ဖန်ဆင်းရှင်ဘုရားဟူသည် ရှိပါမည်လား၊ ‘အရာအားလုံးသည် သဘာဝ တရားကြောင့် ဖြစ်တည်နေခြင်းမဟုတ်ပေဘူးလား?

အလွန်ရှုပ်ထွေးလှသော်လည်း စနစ်ကျလှသည့် စကြာဝဠာကြီး၏ စနစ်တစ်ခု တွင်ဖန်ဆင်းထိန်းချုပ်သူမရှိလျှင်  ဖြစ်နိုင်ပါမည်လား။ ၄င်း၏ နောက်ကွယ်တွင် စကြာဝဠာထက် ကြီးမြတ်သော မဟာတန်ခိုးကြီးပုဂ္ဂိုလ် တစ်ပါးပါး ရှိကိုရှိရပါမည်။

ဥပမာ ။ ပြခန်းတစ်ခုအတွင်း  ဂြိုလ်ကြီးကိုးလုံး တစ်လုံးနှင့်တစ်လုံး တိုက်ခိုက်ခြင်းလည်း မရှိ ချိတ်ဆွဲ ထားခြင်းလည်းမရှိပါဘဲ သူ့လမ်းကြောင်းနှင့်သူ အချိန်မှန် စနစ်တကျ လှည့်ပတ်နေတာကိုကြည့်ပြီး ဒါဟာ ဘယ်သူမှ လုပ်ထားတာမဟုတ်ဘူး။ ဒီပြခန်းထဲကို လည်းသူ့ဖာသာသူရောက်လာတာ။ ‘ဒါဟာ အလွန်အံ့ဩဖွယ်ကောင်းတဲ့ သဘာဝ တရားတွေပေါ့ဟု ဆိုပါက သင် လက်ခံနိုင်ပါမည်လား။ နာရီတစ်လုံး၏ စက်အစိတ် အပိုင်းများကို တစ်စစီဖြုတ်ပြီး ချထားပါက သူ့ဖာသာသူ အချိန်မှန်လည်ပတ်နေသော နာရီ တစ်လုံး ဖြစ်လာမည် မဟုတ်ပါ။ ၄င်းတွင် တီထွင်သူ၊ ပြုပြင်ထိန်းချုပ်သူ ရှိရမည် ဖြစ်ပါသည်။ ထာဝရဘုရား၏ သမ္မာကျမ်းစာတော်မြတ်ထဲတွင် ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက်  ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ ဟုဆိုထားပါသည်။

( ယော ၁း၁-၃၊ ဆာ ၁၉း၁၊ ရောမ ၁း၂၀)

 

ဘုရားတရားသလား?

ဘုရားက လူသားများကို ဖန်ဆင်းထားသည်ဆိုလျှင် လောက၌ ရုပ်ဆိုး၊ ရုပ်လှ၊ ဆင်းရဲ၊ ချမ်းသာ၊ အကောင်း၊ အဆိုး၊ မညီမျှမှုများ အဘယ့်ကြောင့် ရှိနေရပါသနည်း?

ဥစ္စာပေါ၊ ရုပ်ချော၊ ဂုဏ်ပကာသနရှိသူတိုင်း စစ်မှန်သော သုခချမ်းသာရှိပြီဟု ဆိုနိုင်ပါသလား။ စစ်တမ်းတစ်ခုအရ လူအများစုတွင် ကောင်းမွန်နှစ်ချိုက်စွာ အိပ်ပျော်သူများသည် အလုပ်လုပ်သူများသာဖြစ်ပြီး ချမ်းသာသူအများစုမှာ ၄င်းတို့ ချမ်းသာသည့် အတိုင်း အတာအလျှောက် စိုးရိမ်မှုရှိသည့်အတိုင်း အိပ်ပျော်ခြင်း အိပ်မပျော်ခြင်း ရှိကြပါသည်။ စစ်မှန်သောသုခချမ်းသာသည် မျက်မြင်ရသည့် အပေါ်တွင်မမူတည်ဘဲ မျက်မြင်မရသော လူတို့၏ မနောအပေါ်တွင်မူတည်ပါသည်။ ( ဒေသနာ ၅း၁၀၊ ၆း၇)

 

လူသားတိုင်း ကောင်းကင်ဘုံသို့ရောက်မည်လား?

လူသားတိုင်း တမလွန်ဘဝ၌ကောင်းရာဘုံသို့ရောက်ဖို့ရန်အတွက် ဘာကို သိဖို့လိုအပ်ပါသနည်း?

စစ်မှန်သောဘုရားကို သိဖို့လိုအပ်ပါသည်။ သူသည် ဖန်ဆင်းရှင်နှင့် မေတ္တာရှင်ဖြစ်ပြီး လူသားတိုင်း အပယ်ငရဲမှ လွတ်၍ သမ္မာတရားကို သိဖို့ရန် အလိုရှိ ပါသည်။ အဘယ်လူသားတစ်ဦးတစ်ယောက်ကိုမျှ ငရဲသို့ရောက်ဖို့ရန် အလိုမရှိပါ။ သားသမီးတိုင်းကို မိဘ တိုင်းက အသက်ပေးသည့်တိုင်ချစ်တတ်သကဲ့သို့ ယုတ်စွအဆုံး တိရိစ္ဆာန်များပင် မိမိ၏သားသမီးကို အသက်ပေးကာကွယ်တတ်ကြပါသည်။ အနန္တမေတ္တာရှင်ဟုအမည်ရသော ဖန်ဆင်းရှင်ဘုရားဆိုလျှင် သူဖန်ဆင်းထား သောလူသားတိုင်းတို့အတွက် အဘယ်ဆိုဖွယ်ရာရှိပါမည်နည်း။ ထို့ကြောင့် ထိုဘုရားရှင်ကို ရှာဖို့နှင့် ထိုဘုရား၏ တရားတော်ကို သိဖို့လိုအပ်ပါသည်။

(၁ တိ ၂း၎၊ ဟေရှာယ ၅၅း၆-၇၊ ယေရမိ ၂၉း၁၃)