အမေးများအတွက် အဖြေလွှာ

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်? December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 11:15 am
Tags:

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်?

ယေရှု၏ မွေးနေ့ကို မေးသောမေးခွန်းကြီးမှာ ၁၉၃၆ ခုနှစ်တွင် ခရစ်ယာန် တို့ရှုံးနိမ့်သွားသည်ဆိုသည့် ဝါဒပြိုင်ပွဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံမှာ ၄င်းရွာလေးတွင် ထမ်းပိုးမညီသော လူကြီးအိမ်တစ်အိမ်ရှိပါသည်။ နှစ်ဦးနှစ်ဖက်မှ ဘာသာရေး ခေါင်းဆောင်များလာတိုင်း ၄င်းတို့၏အိမ်တွင် တည်းခို ကြကာ ကျွေးမွေးဧည့်ခံရသည့် အကြောင်း တို့ကြောင့် ဧည့်ခံကျွေးမွေးစရိတ်နှင့် ကုန်ကျမှု များ များလာသည့်အတွက် လင်မယားချင်း ဆွေးနွေးပွဲစခဲ့ပါသည်။ ထို့နောက် နှစ်ဦးသဘောတူ ၄င်းတို့ရွာမှ ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့ကို တရားဆွေးနွေး စေခဲ့ပြီး အနိုင်ရ မှန်ကန်သောဖက်သို့ နှစ်ဦးစလုံး ဘာသာပြောင်းမည်ဟု ဆိုပြီး စတင်ဆွေးနွေးခဲ့ကြပါသည်။ တဆင့်ပြီးတဆင့် အဖြေမပေါ်ရာမှ တိုင်းသိပြည်သိ ဘာသာရေး ခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးခဲ့ရသည်အထိ ၄င်းရွာလေးတွင် ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ ထိုမျှမပြီးပြတ်ခဲ့ဘဲ ထိုဆွေးနွေးပွဲအကြောင်းကို ရေးသား မှတ်တမ်း တင်ထားသည့် စာအုပ်ကြောင့် ယနေ့တိုင် အငြင်းပွါးနေရဆဲဖြစ်နေပါသည်။

၁) ၄င်းမှတ်တမ်းစာအုပ်၌ မနက်ပိုင်းတွင် ၄၅-မိနစ်စီ အပြန်အလှန် ဆွေးနွေးကြပြီး နေ့လည်ပိုင်းတွင် နှစ်နာရီစီ အပြန်အလှန် ဆွေးနွေးရန် ဖေါ်ပြထား သော်လည်း တစ်ဖက်မှဆွေးနွေး ချက်များကိုပဲ ဖေါ်ပြထားကာ ခရစ်ယာန်များ ဖက်မှ ပြန်လည် ရှင်းလင်း ဆွေးနွေးချက်မပါဘဲ၊ ရှုံးနိမ့်သွားသည်ဟု မှတ်တမ်း တင်ထားကြောင်းကို အင်တာနက်စာမျက်နှာ များပေါ်တွင်၎င်း စာအုပ်အားဖြင့်သော်၎င်း၊ ထွက်ပေါ်ခဲ့ပါသည်။ ထိုမျှမက ခရစ်ယာန်အများ အပြားပင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွား ကြကြောင်း ရေးသား ဖေါ်ပြထားပါသည်။

၂)   သမ္မာကျမ်းစာကို ခေတ်အဆက်ဆက်ပြုပြင်ရေးသားထားသည်ဟု မဟုတ်မမှန် ဝေဖန်ထားခြင်း။

၃) ဘုရားသည် ရက်စက်သောဘုရား၊ ချစ်ခြင်းမေတ္တာကင်းမဲ့သောဘုရား ဖြစ်ကြောင်း သမ္မာကျမ်းစာပါ ဘုရား၏ စီရင်ခြင်းများတို့ကို ဖေါ်ပြပြီး ဝေဖန်ခဲ့ရုံမျှမက ဘုရားကရက်စက်သည့်အတွက် ခရစ်ယာန်များလည်း ရက်စက်ကြောင်း မကောင်းသည့် ခရစ်ယာန်များတို့၏သမိုင်းအချို့တို့ကို ထောက်ပြဝေဖန်ခဲ့ပါသည်။

၎) ဖေါ်ပြဝေဖန်သော ကျမ်းများလည်းလွဲမှားနေပါသည်။ ဥပမာ အစအဦး၌ ဘုရားက ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တော်မူပြီး ပထမနေ့မှာ အလင်းနှင့် အမှောင်ကို ဖန်ဆင်းထားသည်ဟု ကျမ်းစာ၌ဖေါ်ပြထား  သော်လည်း  ပထမနေ့တွင် ဘုရားက ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းသည်ဟု ဆိုခြင်း၊

၅) ကျမ်းစာတွင် ကမ္ဘာကြီးသက်တမ်းမှာ နှစ်ပေါင်း ၆၀ဝ၀ ခန့်သာရှိသေးသည် ဟု လွဲမှားစွာဆိုခြင်း၊

၆) ဗျာဒိတ်ကျမ်း (၁း၁၄-၁၆) အထိဖေါ်ပြပြီး ဘုရား၏ပုံသဏ္ဍာန်ကို ကြောက်မက်ဖွယ်ကောင်းကြောင်း ကဲ့ရဲ့ကာ ထိုကျမ်းကို တဆက်တည်းအနက် ဖွင့်ထားသည့် မီးခွက်ခုနှစ်လုံးသည် အသင်းတော်ခုနှစ်ပါးဖြစ်၏ ဆိုသည့် အခန်းငယ် (၁၇-၂၀) ကို ဆက်လက်ဖေါ်မပြတော့ပါ။

၇)  သာမန်လူများပင် မိမိ၏မွေးနေ့ကို သိကြပါလျက် ပုဂ္ဂိုလ်မြတ်ဟုဆိုသော ယေရှု၏ မွေးနေ့ကို အတိအကျ မသိကြပါ။ ထိုယေရှု၏မွေးနေ့ကိုဖေါ်ပြနိုင်ပါက ယခုပင် ကိုးကွယ်မည်ဟုဆိုပြီး နိဂုံးချုပ်ခဲ့ပါသည်။

ယေရှုသည် အေဒီနှင့် ဘီစီ တည်းဟူသောရာစုနှစ်ခုကို ပိုင်းခြားပေးခဲ့သည့် ပုဂ္ဂိုလ်ထူး ဖြစ်ပါသည်။ အမှန်သိလိုက အေဒီနှင့် ဘီစီ ကူးပြောင်း အချိန်ကာလကို တွက်ချက်ကြည့်လို့ရပါသည်။ လူတစ်ဦး၏မွေးနေ့ကိုသိမှ အသိအမှတ်ပြုမည် ဆိုခြင်းထက် လူတစ်ဦး ၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့်က အဓိကကျပါသည်။ ယေရှု၏မွေးနေ့ပွဲတော်တည်းဟူသော ခရစ်စမတ်နေ့ကိုလည်း လူတို့ကျင်းပဖို့ ယေရှုက ပညတ်ထားခြင်းမဟုတ်ပါ။ လူတို့ကသာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ် ကိုးကွယ် ကြခြင်းဖြစ်ပါသည်။ ရာသီဥတု အလွန်ချမ်းအေးသော အချိန်တွင် ယေရှုဖွါးမြင်သည်ကိုအစွဲပြုလျက် နိုင်ငံအလိုက် အချမ်း အေးဆုံးသော လကိုရွေးပြီး မွေးနေ့ပွဲတော်ကိုကျင်းပကြလို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင်းပပြုလုပ်သော လလည်းမတူညီကြပါ။

နောက်တစ်ချက်အနေနှင့် ဥပမာပေးရပါက ကျွန်တော့အဖိုးသည် ရပ်ရွာအရေး တွင် ဦးဆောင်သူဖြစ်ကာ လူတိုင်း၏ လေးစား ခံရသော သူဖြစ်သကဲ့သို့ အဖိုးကောင်း ဖခင်ကောင်းလည်းပီသသည့်အတွက် သားသမီးမြေးတိုင်းကလည်း အဖိုးကို ချစ်ကြပါ သည်။ သို့သော် ကျွန်တော့အဖိုးသည် မွေးနေ့မပြောနှင့် သူ့မိဘကိုပင် သိခွင့်မရလိုက် သောမိဘမဲ့တစ်ဦး ဖြစ်ပါသည်။ သေချာတာတစ်ခုက အဖိုးသည် လူ့လောကတွင် သက်ရှိထင်ရှားရှိကာ အများအကျိုးသယ်ပိုးခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ ထိုအထဲမှ မြေးဖြစ်သည့် ကျွန်တော်က အဖိုးထံသွားပြီး အဖိုးရဲ့မွေးနေ့ကို ပြောပြပါ၊ ပြောမပြနိုင်လျှင် လူတို့အဘယ်မျှလောက်ပင် အသိအမှတ်ပြု လေးစားကြပါ လေစေ ကျွန်တော်ကတော့ အဖိုးဟု အသိအမှတ်မပြုနိုင်ဘူးဟုဆိုပါက ကျွန်တော်သည် အဘယ်ကဲ့သို့သော သူဖြစ်သွားမည်နည်း။

ထိုသို့ရှင်းပြသော်လည်း လက်မခံပါဘဲ မွေးနေ့အတိအကျကိုသာ သိရန်ထပ်မံ တောင်းဆိုလာသောကြောင့် ယေရှု သည် အေဒီနှင့်ဘီစီ ကူးပြောင်းကာလတွင် ဖွားမြင်ခဲ့ပါသည်။ သို့သော် ပညာရှင်များ၏ တွက်ချက်မှုမှာ လေးနှစ်တိမ်းစောင်း သွားလို့ ဘီစီလေး တွင် ယေရှု ဖွားမြင်ခဲ့ပါသည်။ ထို့ကြောင့် ယေရှုမွေးနေ့မှာ ဝ.ဝ.ဝ၀ဝ၄ ဖြစ်ကြောင်းထပ်မံရှင်းပြခဲ့ပါသည်။ ထိုအခါသူတို့က ဒါဟာလည်းမှန်းပြီး တွက်ချက်ထားခြင်းဖြစ်လို့ ယေရှုရဲ့မွေးနေ့ မှန်ကန်ကြောင်း ပြောနိုင်ပါသလားဟု ထပ်မံမေးလာပြန်ပါသည်။ ထိုနေ့ရက် မမှန်ကန်ပါက ယနေ့ ကျွန်တော်တို့ လူသား တိုင်းတို့၏ မွေးနေ့လည်း မမှန်ကန်ကာ ပြက္ခဒိန်လည်း မမှန်ကန်တော့ကြောင်း ထပ်မံ ရှင်းပြခဲ့ရပါသည်။

အမှန်ပြောရလျှင် ယေရှု၏မွေးနေ့ကို အဘယ်သူမျှ အတိအကျမသိကြပါ။ အေဒီ၅၀ဝ ခန့်မှ ရောမဘုရင်၏ အမိန့်တော်အတိုင်း ရောမဘုန်းကြီးတစ်ပါးက ယေရှု ဖွားမြင်ချိန်ကို ခန့်မှန်းတွက်ချက်ပြီး စတင်အသုံးပြုလာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် မွေးနေ့မပြောနှင့် မွေးဖွါးစဉ်အခါ ဖွါးမြင်ဖို့ပင်နေရာမရှိသည့်အတွက် နွားတင်းကုတ်တွင် သွားရောက် မွေးဖွါးခဲ့ရပါသည်။ နောက်ဆုံးသေသောအခါတွင်လည်း သဂြိုဟ်ရန် သချိုင်းဂူမရှိသည့်အတွက် သူဌေးတစ်ဦး၏ ဂူတွင် သဂြိုဟ်ခံ ခဲ့ရသူ ဖြစ်ပါသည်။ သို့သော် ယနေ့လောကကြီးတွင် နေရာအရဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်ကိုတော့ မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။

ဒါကိုလည်းသူတို့ကလက်မခံဖြစ်ကာ သူတို့ကိုးကွယ်သည့်အရှင်သည် မွေးနေ့ရက်မြတ်ကို အတိအကျသိကြောင်း ဆိုပြီး ယေရှု၏မွေးနေ့ကို ထပ်မံတောင်းဆို လာပြန်ပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း ထို နေ့ရက်တို့သည် ထိုအရှင်၏ မွေးနေ့အတိ အကျမှန်ကန်ကြောင်း အဘယ့်ကြောင့်ဆိုနိုင်ပါသနည်း။ အဘယ့်ကြောင့် ဆိုသော ထိုအရှင်သည် မည်သည့်စာပေကျန်းဂန်တို့ကိုမျှ မထားခဲ့ပါ။ ထိုအရှင် နောက်ပိုင်း ၄၅၈ နှစ်လွန်မှ ပြန်လည်ပြုစုရေးသားသော ကျမ်းတွင် မှတ်တမ်းတင်ထား သော နေ့ရက်များဖြစ်လို့ ထိုအရှင်၏ မွေးနေ့အမှန်ဟု အတတ်ပြောနိုင်ပါတော့ မည်လား။

ထို့ထက် မွေးမွေးခြင်း လမ်းလျှောက် စကားပြောကာ ငါသည်အကြီးမြတ်ဆုံး အဦးဆုံးဟု ကြွေးကြော်ခဲ့သည့် ယေရှုထက် သာလွန်သောအရှင်အား စံထားလျက် အေဒီနှင့်ဘီစီကို လူတို့ကအဘယ့်ကြောင့် မပိုင်းခြားခဲ့ကြရပါသလဲဟု ပြန်လည်မေးခွန်း ထုတ်ခဲ့ရပါသည်။ ထိုအရှင်ကို စံထားလျက် တွက်လို့ရသည်ထား၊ ရကြောင်းကို အကြောင်းအကျိုးနှင့် ပြန်လည်ဆွေးနွေးပေးဖို့ မေးကြည့်သောအခါ အဖြေမပေးပါ။ ပုံပြင်ဘုရားနှင့် သမိုင်းဝင်ဘုရား မဟုတ်ပါလား။ သူတို့က ထိုအချိန်အခါသည် ကိုလိုနီခေတ်ရဲ့ ဆိုးကျိုးကြောင့် ခရစ်သက္ကရာဇ်ကို လူတို့သုံးကြရခြင်းဟု ဆိုပြန်ပါသည်။ ယခုအခါ ကိုလိုနီခေတ်မဟုတ်တော့သလို ဂျပန်ခေတ်၊ နာဇီခေတ်လည်း မဟုတ်တော့ပါ။ သို့သော်သေချာတာတစ်ခုက ခရစ်သက္ကရာဇ်ကိုသာ လူတို့ ကမ္ဘာကုန်ဆုံးသည့်တိုင် အသုံးပြုကြရအုံး မည်သာတည်း။

ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်တိုင်ပင်ဖက် တန်ခိုးကြီးသောဘုရား ထာဝရအဘ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ (ဟေရှာယ ၉း၆) (ဟေရှာယ= ယေရှုလူ့ဇာတိမခံယူမှီ ဘီစီ ၆၀ဝ ခန့်မှပရောဖက်)

ကျွန်တော်ကိုယ်တိုင် ထိုရွာမှ အမှုတော်ဆောင် ဆရာမကြီးတစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ပါသည်။ ဤဖြစ်ရပ် အမှန်တကယ် ဖြစ်ပျက်ခဲ့သော်လည်း ထိုကဲ့သို့ အနိုင်အရှုံးများတို့ဖြင့် ဘာသာကူးပြောင်းသွားကြသည် ဆိုသည့်တိုင် မကြီးကျယ်ခဲ့ ပါကြောင်း သိရပါသည်။ ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများ ယနေ့ထိတိုင် အသက်ရှင်လျက် ရှိနေသေးကြောင်းလည်း ကျွန်တော်သိရှိ ရပါသည်။ ထိုဆွေးနွေးပွဲကို ကျောက်ကွင်းဝါဒပြိုင်ပွဲဟုလည်း လူသိများခဲ့ပါသည်။ ဆွေးနွေးပွဲပါ အမှားများတို့ကို ကျွန်တော်မှ ဖေါ်ပြပြီး အဘယ့်ကြောင့် ထိုသို့ယိုးစွပ်ရသနည်းဟု အင်တာနက်တွင် ပြန်လည်ပြောဆိုဆွေးနွေးသည့်အခါ ဝါဒပြိုင်တယ်ဆိုတာ အနိုင်ရဖို့က အဓိကဟုသာ ကျွန်တော့ကိုပြန်လည် ရှင်းလင်းခဲ့ပါသည်။ ထိုဆွေးနွေးပွဲအကြောင်း ရေးထားသည့် စာအုပ်ကို လေ့လာကြည့်သောအခါ ယဇ်ပူဇော်ခြင်းနှင့် ယေရှုဘုရားအသေခံခြင်း အကြောင်းတို့ကို ဆက်စပ်နားလည်မှု မရှိကြကြောင်း ကျွန်တော် သိရှိရပါသည်။

 

One Response to “ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်?”

  1. ကောင်းလိုက်တဲ့အဖြေ..
    ဆက်လက်အားပေးနေပါသည်။


Leave a comment