အမေးများအတွက် အဖြေလွှာ

ဤစာအုပ်ကိုရေးသားထုတ်ဝေရခြင်းအကြောင်း၏ ရည်ရွယ်ချက် December 10, 2009


ကျွန်ုပ်တို့သည် ခရစ်တော်၏ သံတမန်များ (၂ကော ၅း၂၀) ဖြစ်သကဲ့သို့ ယေရှု၏ သက်သေများလည်း ဖြစ်ကြပါသည်။ (တ ၁း၈) တစ်ပတ်လျှင် တစ်ရက်သို့မဟုတ် တစ်နာရီအတွက်သာ သခင်ယေရှု၏ သက်သေများ ဖြစ်ဖို့ဘုရားရှင် မှအလိုမရှိပါ။ အချိန်တိုင်း နာရီတိုင်းအတွက် သက်သေခံကောင်းများဖြစ်ဖို့ရန် အလိုရှိပါသည်။ ခသ- ၂၀ဝ၀ အထူးတစ်နှစ်တာ ဧဝံဂေလိ အမှုတော်တွင် ဆက်ကပ်ခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ဆိုင်ရာလူမှုရေးလုပ်ငန်းတွင် အလုပ်လုပ်ရင်း အခွင့်ရတိုင်း ယေရှုဘုရား၏ ဝမ်းမြောက်ဖွယ်ရာ သတင်းစကားကို လူတို့အားကြားပြော သက်သေခံ ခဲ့ပါသည်။ ထို ခသ- ၂၀ဝ၀ အထူးတစ်နှစ်တာ အမှုတော် လုပ်ငန်းကို လုပ်ဆောင်ဖို့ ကျွန်တော်၏ ကိုယ်ပိုင်လုပ်ငန်း များကို လွှဲခဲ့ရပါသည်။

ကျွန်တော်အဓိကပြောလိုသောပထမအချက်မှာ အမှုတော်ဆောင်ဖို့မအားလို့၊ အမှုတော်ဆောင် မဟုတ်လို့ဟု အကြောင်းပြဖို့ မဟုတ်ပါ၊ ယုံကြည်သူတိုင်း မိမိရှိရာအရပ်တွင် အမှုတော်ဆောင်နိုင်ကြောင်း ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဧဝံဂေလိတရားကို ပြောတတ်လို့ပြောခြင်းမဟုတ်ပါ၊ ပြောရင်း ပြောတတ်လာခြင်းသာဖြစ်ပါသည်။ ဘုရား၏ အမှုတော်ကို ထမ်းဆောင်ရန် သင်၏အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်မှမဟုတ်ပါ၊ သင့်အနားတွင်သာ ထိုအလုပ်ရှိ နေပါသည်။ (ဥပမာ အမှုတော်ဆောင်တစ်ဦး ဆေးရုံအတွင်းသို့ သွား၍ဧဝံဂေလိ ပြောသည်ထက် ထိုဆေးရုံအတွင်းရှိ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပိုပြီး အခွင့်အရေး သာပါသည်။ ဝေဒနာဖြင့်ပက်လက်အိပ်နေရပြီး မိုးပေါ်ကို ကြည့်နေသည့် လူနာသည် လူကောင်းများထက် ကောင်းကင်နိုင်ငံအကြောင်းကို ပို၍ စိတ်ဝင်စားပါသည်။)

‘ဒုတိယ အချက်အနေဖြင့် ကျွန်တော်သည်ဧဝံဂေလိလုပ်ငန်းကို ကျေးရွာများ တွင်အစပြုခဲ့ပြီးသည့်နောက် မြို့ပြလူထုကြားသို့ ရောက်ရှိ၍ လာပါသည်။ ထိုမှတဆင့် ယခုအခါ အင်တာနက်မှနေ၍ နေ့စဉ် ယုံကြည်ခြင်းနှင့် ဆိုင်သော မေးခွန်းများ တို့ကို ဖြေကြားပေးရင်း ဧဝံဂေလိ သတင်းစကားကို ဝေငှသက်သေခံနေရပါသည်။ တစ်ဆင့်ပြီးတစ်ဆင့် ဘုရားရှင်က ကျွန်တော့ကိုအသုံး ပြုလာခဲ့ပြီး ကျေးလက်မှ မေးသော မေးခွန်းများနှင့် အစပြုခဲ့သော ကျွန်တော်သည် ယခုအခါ အင်တာနက်ပေါ်တွင် နက်နဲသော မေးခွန်းကြီးများအားဖြေကြားရန် ကျွန်တော့်ကို အသုံးပြု နေပြီဖြစ်ပါသည်။ မေးလာသော မေးခွန်းများတို့ကို ပြန်လည်ပြီး ရှင်းလင်းစွာ ရှင်းပြနိုင်ဖို့ ဘုရားရှင်မှ အလိုတော်ရှိပါသော်လည်း တခါတရံ ချက်ခြင်းရှင်းလင်းသော အဖြေများတို့ကို မပေးနိုင်သော အချိန်များလည်း ကြုံတွေ့ခဲ့ရပါသည်။ ယုံကြည်သူမိတ်ဆွေများ ထိုသို့ မဖြစ်ရလေအောင်နှင့် မေးလာသောမေးခွန်း များတို့အပေါ် လိုရင်းတိုရှင်း အဖြေပေးနိုင်ပြီး မိမိရရှိလာသည့် အခွင့်အရေးကို လက်လွတ်မဆုံးရှုံး ရလေဘဲ ယေရှုဘုရား၏ ကယ်တင်ခြင်း  သတင်းကောင်းကို ဝေငှနိုင်ရန် ရည်ရွယ်၍ ဤစာအုပ်ငယ်လေးအားဖြင့် ဝေငှ သက်သေခံလိုက်ရပါသည်။

မိမိကိုးကွယ်ရာအကြောင်းကို ဘာမျှမသိသော သူတစ်ဦးဖြစ်နေပါသလား?

ကျွန်တော်သည် ခရစ်ယာန်တစ်ဦးဖြစ်ခဲ့သော်လည်း သမ္မာတရားနှင့် ပတ်သက်၍ မသိသေးသောအကြောင်း အရာများ များစွာ ရှိနေခဲ့ပါသည်။ သမ္မာတရားအားလုံးကို သိရမည်ဟု မရည်ရွယ်သော်လည်း ခရစ်ယာန်တစ်ဦး ဖြစ်လာလျှင် သိသင့် သိထိုက်သော အခြေခံ အကြောင်းအရာများတို့ကိုတော့ သိကိုသိရမည်ဟူသော အသိစိတ်လည်း ရှိပါသည်။ ဥပမာ ကျမ်းပယ်ဆိုတာ ဘာလဲ၊  ဘုရားက လူနှစ်ဦး တည်းဖန်ဆင်းတာမှ ဟုတ်ပါရဲ့လား၊ ယေရှုသည် လူသားတိုင်း ကောင်းကင်ဘုံသို့ရောက်ရန် တစ်ခုတည်းသောလမ်း ဖြစ်သည်ဆိုလျှင် ယေရှုဘုရားအကြောင်း မကြားသိလိုက်ရသောသူတို့ အဘယ်ကဲ့သို့ဖြစ်မည်နည်း အစရှိသည့်မေးခွန်းများတို့ကို ငယ်စဉ်ကတည်းက ကြားဖူးပါသော်လည်း အဖြေကို ရှင်းလင်းစွာသိမနေပါ။ ထို့အပြင် ပြောစရာတစ်ခုအနေဖြင့် ငါ့ဘာသာမှအမှန် ငါ့ဘာသာကိုလာမထိနဲ့ ဟုဆိုတတ်ပေမည့် သူတစ်ပါးက ၄င်းတို့၏ဘာသာအယူဝါဒ အကြောင်းတို့ကိုသိလို့ ‘ဒီလိုပြောနိုင်တာလားဟု ပြန်မေးလျှင် သူတို့ဘာသာ၏ အယူဝါဒအကြောင်းကိုလည်းမသိ မိမိယုံကြည်ရာ ဘာသာတရား၏ အကြောင်းကိုလည်း သေချာစွာ ရှင်းမပြနိုင်သူ ဖြစ်နေပါသည်။

ယခုအခါ ဆရာအများလည်းပေါ်လာပြီး ဩဝါဒအမျိုးမျိုလည်း ပေါ်လာပါသည်။ သာသနာပ-လူတို့၏ ယေရှုဘုရားကို တိုက်ခိုက်ထားသော အကြောင်းအရာများ  ကြားလာရသောအခါ သံသယ ဖြစ်ဖွယ် ပဟေဠိမေးခွန်း များလည်း များစွာ ဖြစ်ပေါ်လာ ပါသည်။ ခရစ်ယာန်အသက်တာ နုငယ်သေးသော သူများအဖို့ ယုံကြည်ခြင်းပင် ယိုင်လဲသွားနိုင်ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း မသိသေးသောမေးခွန်းများနှင့် ခရစ်ယာန်အသက်တာကို လျှောက်လှမ်းနေစဉ် ငြိမ်သက်ခြင်း အပြည့်အဝ မရရှိခဲ့ပါ။ ထို့ကြောင့် သမ္မာကျမ်းစာတော်မြတ်အပြင် အနက်ဖွင့်ကျမ်း နှင့် ဆရာသမားများ၏ ဝိညာဉ်ရေးရာ စာအုပ်များစွာတို့ကို အချိန်ရတိုင်း လေ့လာ၊ ဖတ်ရှု၊ နာယူမှုများ ပြုခဲ့ပါသည်။ ကျန်းမာရေးကို အခြေခံ၍ ဧဝံဂေလိပြုသော အဖွဲ့တွင် အလုပ်လုပ်ရင်း ဆယ်နှစ်တာအတွင်း လူများမေးလာသော မေးခွန်းများတို့ကို ဖြေဆိုရာတွင် ဘုရားက ကျွန်တော့ကို ဖွင့်ပြသော အကြောင်းအရာများနှင့် ဆရာသမားများတို့ထံမှ မြင်တွေ့ ကြားသိခဲ့ရသည်များတို့ကို ယုံကြည်သူ မိတ်ဆွေများ တစ်ထိုင်းတည်းလေ့လာနိုင်ရန် ရည်ရွယ်၍ ပြန်လည်ဝေငှ သက်သေခံ လိုက်ရပါသည်။

သံသယဖြစ်ဖွယ်မေးခွန်းများတို့ကို ပြန်လည်ဆွေးနွေးဖြေကြား ပေးသင့်ပါရဲ့လား

ခရစ်ယာန်တို့၏ ယုံကြည်ခြင်းနှင့်စပ်လျှင်း၍ သံသယဖြစ်ဖွယ် မေးခွန်းများ တို့သည် အဆန်းတော့မဟုတ်ပါ၊ သမ္မာကျမ်းစာ တော်မြတ်ထဲမှာလည်း ဖေါ်ပြထား ပါသည်။ သခင်ယေရှု၏ တပည့်တော်များမဖြစ်မှီ ကပေရနောင်မှ လူများက ခိုင်လုံသော အထောက်အထားအတွက် ဂါလိလဲအိုင်စပ်တနေရာတွင် သခင်ယေရှုကို မေးခွန်းများ မေးခဲ့ကြောင်း တွေ့မြင်နိုင်ပါသည်။ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော် ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ် လက္ခဏာကို ပြတော်မူမည်နည်း။ အဘယ် အမှုကို ပြုတော်မူမည်နည်း။(ယော ၆း၃၀)

ယုံကြည်ခြင်းအလွန်အားကြီးခဲ့သူ နှစ်ခြင်းဆရာယောဟန်ကလည်း အကျဉ်းချ ခံရစဉ် သံသယစိတ်ဝင်လာသည့်အတွက် တပည့်နှစ်ဦးကို သခင်ယေရှုထံစေလွှတ်ပြီး မေးမြန်းစေခဲ့ပါသည်။ ကိုယ်တော်သည်ကြွလာသောသူ မှန်သလော၊ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။ (လုကာ  ၇း၁၉)

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ခြင်းကို သံသယဖြစ်သော တပည့်တော်သောမကလည်း ကိုယ်တော် ၏ သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးတော်နှင့် မတို့မစမ်း၊ နံဖေးတော်ကို လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ် မယုံဟုဆို၏။ (ယော ၂၀း၂၅)

ပိလတ်မင်းကလည်း ယေရှုကို သံသယဖြစ်လျက် သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန် ယုဒလူတို့ ရှိရာသို့ ထွက်၍၊ ဤသူ၌ အဘယ်အပြစ် ကိုမျှငါမတွေ့။ (ယော ၁၈း၃၈)

ထို့အပြင် ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီးရက်ပိုင်း ယေရုရှလင်မြို့မှ ထွက်ခွါ လာသော တပည့်တော်နှစ်ဦး သည်လည်း (လု ၂၄း၁၃) သံသယဖြစ်သူများအထဲတွင် အပါအဝင်ဖြစ်ပါသည်။

ထိုကဲ့သို့ သံသယဖြစ်သူများနှင့် မေးခွန်းများ မေးမြန်းခဲ့ကြသူများကို ယေရှုသည် မေတ္တာရှေ့ထား၍ နွေးထွေး ကြင်နာစွာ တုန့်ပြန်အဖြေပေးခဲ့ပါသည်။ သက်သေအထောက်အထားများလည်း ပြခဲ့ပါသည်။ နှစ်ခြင်းဆရာ ယောဟန်၏ တပည့်နှစ်ဦးအား မိမိပြုခဲ့သော အံ့ဩဖွယ်အမှုများတို့ကို ပြန်ပြောစေခဲ့ပါသည်။ တပည့်တော် သောမအား ကိုယ်ထင်ရှား ပြရုံမက ‘ဒဏ်ရာဒဏ်ချက် များကိုပါ စမ်းသပ်စေခဲ့ပါသည်။ သခင်ယေရှုအသတ်ခံရစဉ် စိတ်ပျက်အားလျော့စွာ ထွက်ခွါ သွားကြသော တပည့်တော်များကို သက်သေများစွာဖြင့် ကိုယ်ထင်ရှားပြကာ အတူနေခဲ့ရုံမျှမက မိမိသည် ပညတ္တိကျမ်းလာ ပရောဖက်ပြုချက်များ တို့ကို ပြည့်စုံစေခဲ့သည့် မေရှိယ ဖြစ်ကြောင်း စိတ်ရှည်စွာရှင်းပြခဲ့ပါသည်။

သူငယ်ခဲ့သို့ သံသယမရှိပဲ ယုံကြည်ရန်ယေရှုက သွန်သင်ခဲ့သည်ဟု ဆိုခြင်းမှာ မျက်ကန်းပမာ ယုံကြည်၍ နောက်တော်သို့ လိုက်ဖို့ရန် ဆိုလိုခြင်း မဟုတ်ပါ။ ဥပမာ-

အရာရာကို စေ့စေ့စပ်စပ်လေ့လာစစ်ကြော၍ တကယ့်အမှန်တရားကိုသာ ယုံကြည်ရန် သမ္မာကျမ်းစာက သွန်သင် ပါသည်။ (၁သက်၅း၂၁၊ ကော ၂း၎)

တမန်တော်ရှင်ပေါလုကိုယ်တိုင် သွန်သင်သောဩဝါဒများကို မှန်သည် မမှန်သည်သိခြင်းငှါ သမ္မာကျမ်းနှင့် သွန်သင် ချက်များ ကိုက်ညီမှုရှိမရှိ သေချာစွာ ပြန်လည်ဆန်းစစ်ကြသော ဗေရိမြို့သားများကို သမ္မာကျမ်းစာက ချီးကျူး ထားပါသည်။(တ ၁၇း၁၁) ထို့ကြောင့် ဗေရိမြို့နှင့်ကပ်လျက် သက်သာလောနိတ်မြို့အတွက်သာ ဩဝါဒစာရှိပြီး ဗေရိဩဝါဒစာ ဟူ၍မရှိရခြင်း  ဖြစ်ပါသည်။

မယုံကြည်သူများ မေးလာသည့် မေးခွန်းများတို့အတွက် အဖြေအမြဲ ရှိစေရန်ကျမ်းစာက သွန်သင်၏။ (၁ပေ ၃း၁၅)

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိဖို့ရန် ဘုရားသခင်၏ အလိုတော်ဖြစ်၏။ (၁တိ ၂း၎)

မိမိဖက်မှ အကောင်းဆုံးရှင်းပြပေးပြီး လက်မခံငြင်းဆန်လျက် ပျက်ရယ်ပြုသူ များလည်းတွေ့ရပေဦးမည်။ ထို့အတွက်ကြောင့် သူတို့သည် မောရှေ၏စကား၊ ပရောဖက် တို့၏စကားကို နားမထောင်လျှင်၊ တယောက်သော သူသည် သေခြင်းမှ ထမြောက် သော်လည်း  မယုံကြည်နိုင်ကြ ဟူသော ယေရှုမိန့်တော်မူသည့် ကျမ်းချက်ကိုလည်း သတိရဖို့ လိုပါသည်။ (လု ၁၆း၃၁) ငြင်းခုံခြင်းမပြုလုပ်ဖို့လည်း သမ္မာကျမ်းစာက သတိပေးထားပါသည်။ ကျွန်တော်သည် ဝိညာဉ်ရေးနုငယ်ချိန် သူတစ်ပါးက အမှန်သိလို၍မေးသည်ဟု ထင်ပြီး ရှင်းပြသောအခါ တိုက်ခိုက်လိုသောစိတ် ၊ ကဲ့ရဲ့ လှောင်ပြောင်လိုသော စိတ်ဖြင့် ထောင်ချောက်ဆင် မေးသော မေးခွန်းများဖြစ်ကြောင်း သိရပြီး စိတ်ဆိုးမိခဲ့ရချိန်လည်း ရှိခဲ့ဖူးပါသည်။  အမှန်သိလိုသော စိတ်ဖြင့်မေးလာ သောသူအား တိုက်ခိုက်လိုသောစိတ်ဖြင့် မေးသည်ဟု ထင်လျက် ကောင်းမွန်စွာ ပြန်လည်မဆွေးနွေး မိသော သူများနှင့်လည်း ကြုံတွေ့ခဲ့ရကာ စိတ်မကောင်း ဖြစ်ခဲ့ရ သည့်အချိန်လည်း ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် ခွဲခြားသိမြင်တတ်ဖို့ရန် အတွက် ဝိညာဉ်တော် ဘုရား၏ မစမှုယူလျက် ကျမ်းစာက သွန်သင်ထားသည့်အတိုင်း မြွေကဲ့သို့ လိမ္မာပါးနပ်မှုရှိပြီး ချိုးငှက်ကဲ့သို့ အဆိပ်ကင်းရန် လိုအပ်ပါသည်။

အဘယ့်ကြောင့် ဘုရားသခင်သည် သံသယဖြစ်ဖွယ်မေးခွန်းများကင်း၍ ခိုင်လုံသောအကြောင်းပြချက်များ ရှိစေချင် ရပါသနည်း? အကြောင်းမှာ မိမိသည် ယခင်ကထက် သမ္မာတရားကို တစ်နေ့ထက်တစ်နေ့ သိကျွမ်းလာရန်နှင့် ထို သမ္မာ တရား၏ အရှင်ဖြင့် နေ့စဉ်အတူအသက်ရှင် မိသဟာယဖွဲ့နိုင်ရန် ဘုရားရှင်က အလိုရှိပါသည်။ ထို့နောက် မိမိရရှိထားသော သမ္မာတရားအား လူတိုင်းကို အကြောင်းအကျိုးနှင့် ရှင်းလင်းစွာ ပြောပြလျက် လူတိုင်း သမ္မာတရားကို ရစေဖို့ရန် ဖြစ်ပါသည်။ ဤစာအုပ်လေးသည် မပြည့်စုံသော်လည်း ပြည့်စုံသောအရှင် ဘုရားသခင်က သင့်ကို ဥာဏ်အလင်းပေး၍ ဤစာအုပ်ပါဖေါ်ပြထားသည့် အကြောင်းအရာ များတို့ထက် နားလည်သဘောပေါက်နိုင်ဖို့နှင့် သင့်အသက်တာတွင် သံသယဖြစ်ဖွယ် မေးခွန်းများကင်းလျက် သူတပါးကိုလည်း ထပ်ဆင့်ဝေငှ သက်သေခံနိုင် ဖို့ယေရှုဘုရားမြတ်နာမ၌ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ (အာမင်)

 

2 Responses to “ဤစာအုပ်ကိုရေးသားထုတ်ဝေရခြင်းအကြောင်း၏ ရည်ရွယ်ချက်”

  1. သန့်ဇင် Says:

    ကျွန်ုပ်သိလိုသောမေးခွန်းတွေကိုမည်ကဲ့သို့မေးမြန်းနိုင်ပါသလဲခင်ဗျား

  2. Antii Jesus Says:

    ဆေးရုံထိသွားပြီး စည်းရုံးတာတော့မကောင်းပါဘူး။လွန်လွန်းပါတယ်။လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာတော့မှန်ပါတယ်။ဒါပေမယ့် လူနာဆိုတာ စိတ်အေးနားအေးအနားယူနေရမယ့်သူမျိုးပါ။မိတ်ဆွေ အဲ့လောက်ထိတော့ လိုက်မနှောက်ယှက်ပါနဲ့။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s