လောကမှာအဖေက သားထက်ကြီးမြတ်သကဲ့သို့ ခမည်းတော်ဘုရားက သားတော်ယေရှုထက်ကြီးမြတ်သည် မဟုတ်ပါလား ?
သုံးပါးတစ်ဆူဘုရားအကြောင်းကို ထပ်မံရှင်းပြလိုပါသည်။ လူ့အမြင် ဖြင့်ကြည့်လျှင် ပုဂ္ဂိုလ်တစ်ဦးတည်းက သုံးယောက် ထင်ရှားသည်ဆိုသည်မှာ နားမလည် နိုင်ပါ။ အခြားဘာသာများတို့တွင်လည်း ဤကဲ့သို့သွန်သင်မှုမျိုး မရှိပါ။ သုံးပါးတစ်ဆူ လုံးသည် တန်ခိုးတူ၊ အဆင့်အတန်းတူ၊ အခွင့်အာဏာတူကြသော်လည်း လုပ်ဆောင် သည့်တာဝန်များကတော့ ကွဲပြားကြပါသည်။
ခမည်းတော်ဘုရားသည် ကြံစည်သောသူဖြစ်ပါသည်၊ သားတော်ဘုရားသည် လက်တွေ့လုပ်ဆောင်သူနှင့် သရုပ်ဆောင်သူ ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသည် တန်ခိုးအစွမ်းကိုပေးသောသူ ဖြစ်ပါသည်။ ဖန်ဆင်းခြင်း၊ လူတို့ကို ကယ်တင်ခြင်းမှ စ၍ အရာအားလုံးတို့ကို ပုဂ္ဂိုလ်သုံးပါးလုံး တိုင်ပင်ဆွေးနွေးကာ အတူတကွဆုံးဖြတ်ချက်ချပြီးမှ အတူတကွ လုပ်ဆောင်လေ့ ရှိပါသည်။ အပြန်အလှန် လေးစားမှုလည်းရှိပါသည်။
သားတော်ယေရှုဘုရားက စီမံကိန်းအားလုံးကို လက်တွေ့လုပ်ဆောင်သူ ဖြစ်သော်လည်း ယေရှု၏သက်တော်စဉ် ကိုလေ့လာကြည့်ပါက မည်သည့်အမှုကိုမဆို ခမည်းတော်ဘုရား၏ ခွင့်ပြုချက်မရဘဲ မလုပ်ဆောင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံမှ တန်ခိုးကို မခံရမခြင်းလည်း မည်သည့်အမှုကိုမျှမပြုပါ။ သက်တော်သုံးဆယ်ခန့်တွင် အမှုတော်ကို စတင်ထမ်းဆောင်ရန် ခမည်းတော်ဘုရား ထံတွင် အခွင့်တောင်းခံခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ တန်ခိုးကိုခံယူပြီးမှ အမှုတော်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။
ဘုရားသခင်က ငါတို့နှင့် တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့ဟု သုံးပါးတစ်ဆူဘုရားက ဆိုခဲ့သော်လည်း အမှန်တကယ်လက်တွေ့ ကွင်းဆင်း လုပ်ဆောင်သူမှာ ယေရှုဖြစ်ပါသည်။ (က ၁း၂၆) ထို့ကြောင့် ကျမ်းစာက ယေရှုသည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏၊ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ ဟု (ယော ၁း၃) ဆိုခဲ့ပြီး ယေရှုဘုရားသည် လူ့ဇာတိကို ခံယူခဲ့ကြောင်း (ယော ၁း ၁၄) ဖေါ်ပြထားပါသည်။ ခမည်းတော်သည် ဖန်ဆင်းတော် မူ၏ဟူ၍၄င်း သန့်ရှင်းသောဝိညာဉ်တော်သည် ဖန်ဆင်းတော်မူ၏ ဟူ၍၄င်း သီးသန့် အမည်နာမဖြင့် ဖေါ်ပြထားခြင်းမရှိပါ။
ဆက်လက်ပြီး ကျမ်းစာက ထိုသားတော်သည် ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ရှိသမျှသောရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင် အားဖြင့်၎င်း၊ ထိုသခင်အဘို့အလို့ငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ (ကော ၁း၁၆) ဆိုထားပါသည်။ အစိုးရခြင်းတန်ခိုး၊ အထွဋ်အမြတ်၊ အာဏာစက်တို့ဆိုသည်မှာ ကောင်းကင်တမန်များကို ဆိုခြင်းဖြစ်၍ ကောင်းကင်တမန်များကို လည်း ယေရှုကပဲဖန်ဆင်းထားပါသည်။
အထက်ပါကျမ်းပိုဒ်အရ ယေရှုအဘို့အလို့ငှါသာ ဖန်ဆင်းထားခြင်းဖြစ်လို့ ဖန်ဆင်းခံအရာအားလုံးကလည်း ယေရှုကိုပဲ မြင်ခွင့် ရရှိကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခမည်းတော်ဘုရားကို အဘယ်သူမျှ မမြင်စဘူး ဟု (ယော ၁း၁၈) ဆိုထားပါသည်။ ခမည်းတော်ကို မြင်တွေ့ခွင့်တောင်းသော ဖိလိပ္ပုအားယေရှုက ပြန်ပြောပုံမှာ ငါ့ကိုမြင်လျှင် ခမည်းတော်ကိုမြင်တာနဲ့အတူတူပဲ၊ ဖန်ဆင်း ခံသတ္တဝါ အားလုံးက ဘုရားနှင့်ပတ်သက်လို့ အမြင့်ဆုံးမြင်နိုင်တာငါပဲ၊ ‘ဒါကြောင့် ခမည်းတော်ကို မြင်ဖို့ငါ့ကို အဘယ့်ကြောင့် အခွင့်တောင်းရတာလဲဟု ယေရှုပြန်ပြောခဲ့ပါသည်။
(ယော ၁၄း၉-၁၀) (၁ တိ ၆း၁၆)
ယေရှုက ငါသည် ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်တော်မူ၏ ဟု မိန့်တော်မူ၏။ (ယော ၁၀း၃၀) ထိုတလုံးတဝတည်း ဆိုသည့် စကားသည် မူရင်းကျမ်းစကားအရ အရည်အချင်းတူ၊ အခွင့်တန်ခိုးတူ၊ အဆင့်အတန်း တူခြင်းကို ဖေါ်ပြခြင်းဖြစ်ပါသည်။ လောကတွင် အဖေကသားထက် ကြီးမြတ်သည်မှန်သော်လည်း သုံးပါးတစ်ဆူ ဘုရားတွင် ထိုသို့အဓိပ္ပါယ် မရှိပါ။ သမ္မာကျမ်းစာ တော်မြတ်တွင် ခမည်းတော်ဘုရား၏ အမည်နာမကို အက္ခရာစာလုံး အကြီးနှင့်သုံးသကဲ့သို့ သားတော် ယေရှုဘုရားကိုလည်း အဆင့်အတန်းတူညီမှုအနေဖြင့် အက္ခရာစာလုံးအကြီးဖြင့်သာ သုံးထားပါသည်။ လောကနှင့် မတူညီသောသဘောကို လူတို့သိရှိရန်အတွက် ကျမ်းစာတော်မြတ်တွင် ယေရှုကို မိမိ၌ တစ်ပါးတည်းသောသားတော် ဟု သုံးထားခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ယေရှုနှင့်တူသော သားတော်ဆိုသည့် အမည်နာမ စကြာဝဌာကြီးတွင် လုံးဝမရှိဟု ဆိုခြင်းဖြစ်ပါသည်။ လူသားဂုဏ်နှင့် မစပ်ဆိုင်ပါ။ ထိုကြောင့် ယေရှုက ငါသည် ခမည်းတော်နှင့် တစ်လုံးတဝတည်းဟု ဆိုခြင်းဖြစ်ပြီး ခမည်းတော်ထက် အနည်းငယ်နိမ့်သော ဘုရားငယ်လည်း မဟုတ်ပါ။
အရာအားလုံးကို ယေရှုဖန်ဆင်းသကဲ့သို့ အရာအားလုံးကိုလည်း ယေရှု ထိန်းချုပ်ထားကာ အရားအားလုံးတို့သည်လည်း ယေရှု၏ စီရင်ခြင်းလက်အောက် တွင်သာ ရှိကြပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာတော်မြတ်ထဲတွင် သခင်ဟူသော အမည်နာမသည် ယေရှုဘုရားကိုသာ အဓိကရည်ညွှန်းထားခြင်း ဖြစ်ပါသည်။ ယေရှုသည် သခင်ဖြစ်က ကျွန်ုပ်တို့အားလုံးတို့သည် အသက်ရှင်ခြင်းနှင့် သေခြင်းကို အစိုးရသည့် သခင်ယေရှု၏ လက်တော်အောက်မှ ကျွန်များဖြစ်ကြပါသည်။ ထို့ကြောင့် သခင်ယေရှု၏ အမိန့်တော်ကို အကြွင်းမဲ့ နာခံလျက်၊ နေ့စဉ်အသက်ရှင်ခွင့်ရခြင်း အတွက် ကျေးဇူးတော်ချီးမွမ်းရပေမည်။ ငါသည် ခမည်းတော်ကိုတောင်း၍ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား သင်တို့နှင့် အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်ဟု ယေရှုက ဆိုခဲ့ပါသည်။ (ယော ၁၄း၁၆) ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအား ခမည်းတော်ထံမှ အကျွန်ုပ်တို့အပေါ်သို့ တိုက်ရိုက်စေလွှတ်မည်ဟု သိရှိရပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သမ္မာတရားကို သွန်သင် ပြသဖို့နှင့် ယေရှုဘုရား၏ ဘုန်းတော်ကိုထင်ရှားစေဖို့ရန် ကြွဆင်းလာခြင်းဖြစ်ပါသည်။ (ယော ၁၆း၁၃-၁၄) သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သုံးပါးတစ်ဆူဘုရားတွင် တတိယ မြောက်ပုဂ္ဂိုလ်ဖြစ်ပါသည်။
ယေရှုဘုရားက ငါသည် လောကသိြုွ့ကဆင်းလာရခြင်းသည် ငါ့ခမည်းတော် ၏ အလိုကို ပြည့်စုံစေဖို့ဟု နှိမ့်ချစွာ ဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့အားလုံးတို့သည်လည်း မိမိဘုန်းအသရေအတွက်ထက် ဘုရား၏ ဘုန်းထင်ရှားဖို့ရန်အတွက်သာ အသက်ရှင်ကြ ရပေမည်။ ထိုသို့ ဘုရားသခင်၏ ဘုန်းထင်ရှားနိုင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် ပူးပေါင်း၍ ယေရှုဘုရား၏ သက်သေခံကောင်းများ အဖြစ် လောကကြီးတွင် အသက်ရှင်ကြရမည် ဖြစ်ပေသည်။ (တ ၁း၅၊ ၈)