ယုံကြည်သောသူတို့၌ ဖြစ်အံ့သောနိမိလက္ခဏာဟူမူကား ငါ၏နာမကိုအမှီပြု၍နတ်ဆိုး တို့ကိုနှင်ထုတ်ကြလတံ့။(မာ ၁၆း၁၇)
ကျွန်တော်ဧဝံဂေလိအမှုတော်ကိုထမ်းဆောင်စဉ် သူတစ်ပါး၏ ပြုစားခြင်းကို ခံရသော နတ်ဆိုးပူးသူ သူတို့နှင့် များစွာကြုံတွေ့ခဲ့ရဖူး ပါသည်။ ဤကဲ့သို့ယုံကြည်သူ များ ကြုံတွေ့ခဲ့ရပါက ယေရှုနာမ၌ မောင်းထုတ်နိုင်ရန်အတွက် ကျွန်တော်၏အတွေ့ အကြုံအချို့ကို သက်သေခံဝေငှလိုပါသည်။ အသင်းတော်တွင် အပတ်စဉ် သောကြာနေ့ နံနက် တိုင်း အစာရှောင် ဆုတောင်းခြင်းအစီအစဉ်ရှိပါသည်။ အစာရှောင် ဆုတောင်းရာ နေ့တစ်နေ့တွင် နတ်ဆိုးပူးသူအမျိုးသမီးကြီးတစ် ဦးနှင့် ကျွန်တော်ကြုံတွေ့ခဲ့ရပါသည်။ သုံးဦးလျှင် တစ်ဖွဲ့ အဖွဲ့ များဖွဲ့၍ ဆုတောင်းကြစဉ် ကျွန်တော့်အဖွဲ့မှ ထိုအမျိုးသမီးကြီး သည် အသံကျယ်ကြီးဖြင့် ထရယ်ပါသည်။ ပတ်လည်ရှိ ဆုတောင်းအဖွဲ့များလည်း ဆုတောင်းမှုများရပ်ကာ အနားသို့ရောက် လာကြပါသည်။ ပထမ ကျွန်တော်လည်း ကြောင်အမ်းအမ်းဖြစ်သွားပြီး ယေရှုနာမကိုအမှီပြု၍ အတန်ကြာအောင် ဆုတောင်း ပေးပြီးသောအခါမှ ထိုအမျိုးသမီးထံမှ နတ်ဆိုးထွက်သွားပြီး ထိုအမျိုးသမီးလည်း သတိပြန်ရလာပါသည်။
ဒီလောက်အချိန်ကြာကြီး ဒီနတ်ဆိုးကို ဘာ့ကြောင့် ခက်ခဲစွာ မောင်းထုတ် ခဲ့ရတာလဲဟု ကျွန်တော် ပြန်ဆင်ခြင်မိပါ သည်။ ယေရှုဘုရားကိုယ်တိုင်က ငါ၏နာမကို အမှီပြု၍နတ်ဆိုး တို့ကိုနှင်ထုတ်ကြဖို့ကျွန်တော်တို့ ယုံကြည်သူအယောက်စီတိုင်း အားအခွင့်အာဏာ ပေးထားပါလျက် ယေရှုကို အော်ဟစ်ဆုတောင်း နေခြင်းကြောင့် အချိန်ကြာသွားရခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ နောက်တစ်ကြိမ်ထပ်မံတွေ့ကြုံရသော အခါ ယေရှုနာမ၌ထွက် ဟုအမိန့်ပေး မောင်းထုတ်လိုက်သည်နှင့် ချက်ခြင်း ထွက်သွားပါသည်။ ထပ်မံစဉ်းစား မိသည်မှာ နတ်ဆိုးကိုမောင်းထုတ်ကြသော နတ်ဆိုးဆရာတို့သည် ထိုနတ်ဆိုးပူးသူနှင့် သိလိုသော အရာတို့ကိုမေးမြန်းနိုင်ကြောင်း ကြားဖူးပါသည်။ ယေရှုနှင့် တမန်တော် များလည်း နတ်ဆိုးပူးသူတို့နှင့် စကားပြောခဲ့သည်ကို ကျမ်းစာတွင် တွေ့ရပါသည်။ ထို့ကြောင့်နောက်ထပ်တစ်ကြိမ် ထပ်မံ တွေ့ကြုံ ရပါက ကျွန်တော်သည် ထိုနတ်ဆိုးအား သိလိုသော အကြောင်းအရာတို့ကို မေးပြီးမှ နှင်ထုတ်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။
ဤသို့ဖြင့် တစ်နေ့ညဖက် အိမ်တစ်အိမ်တွင် ကျမ်းစာ သင်ဖို့ခေါ်ဖိတ် သောကြောင့် ကျွန်တော်တို့အဖွဲ့ သွားရောက်ခဲ့ကြပါသည်။ ကျွန်တော်တို့သည် ဘုရား၏ ဗိမာန်တော်များဖြစ်ကြပြီး ဘုရားကို သယ်ဆောင်သူ ဘုရား၏တန်ခိုးတော် နှင့် ကောင်းမြတ်ခြင်းတို့ကိုသယ်ဆောင်သူများဖြစ်ကြောင်း သင်ကြား ပေးပြီးသော အခါ ထိုအတိုင်း ရှေ့မှ ကျွန်တော်ကတိုင်ပေးပါသည်။ နောက်မှ လူများလိုက်ဆို နေကြစဉ်တွင် အိမ်ရှင်၏ ညီမမှ ကြောက်တယ် ကြောက်တယ် ခွင့်လွှတ်ပါဟု လက်အုပ် ချီထားကာ အော်ဟစ်တောင်းပန်ပြီး တကိုယ်လုံးလည်း တုန်နေပါသည်။ ထိုအခါ ကျွန်တော်က “ယေရှုနာမ၌ မင်းကိုငါမေးမယ် ဖြေပြီးမှထွက်ခွင့်ပေးမယ်” ဟု ပြောသော အခါ မဖြေဖို့နှင့် ထွက်ခွင့်အမြန်ပေးဖို့ တောင်းပန်ပါသည်။ တကိုယ်လုံးလည်း ချွေးများစိုရွှဲ နေပါသည်။ ကျွန်တော်ကလည်း “ဖြေပြီးမှ ထွက်ခွင့်ပေးမယ်”ဟုထပ်ပြောသောအခါ ဖြေပါ့မည်ဟု ဝန်ခံပါသည်။ “ယေရှုကို ကြောက်လား” ဟု မေးသောအခါ ငယ်သံပါအောင်ကြောက် ကြောင်းပြန်ဖြေပါသည်။ “ငရဲကို သွားချင် သလား” ဟုမေး သောအခါအခု မသွားပါရစေနဲ့အုံးဟုပြန်ဖြေပါသည်။ ပူတယ် ပူတယ် ထွက်ခွင့် ပေးပါဟု တောင်းခံပြန်ပါသည်။ ဆက်လက်ပြီး ကျွန်တော်က “မင်းကို ဘယ်သူခိုင်းတာလဲ ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲ”ဟု မေးသောအခါ အကုန်ပြန်ဖြေပြီး ယေရှုနာမ၌ထွက်ခွင့် ပေးလိုက်သောအခါမှ နတ်ဆိုးမှာထွက်သွားပြီး ထိုအမျိုးသမီးကြီး မှာလည်း ပြန်လည်သတိရ လာပါသည်။ သူမသည်ချွေးများ စိုရွှဲနေပြီး “ရေငတ်တယ် ရေတိုက်ပါ” ဟု စတင်တောင်းခံပါသည်။ သူ့အားစေခိုင်းသူ၏ အမည်ကို ပြောပြ သောအခါ ထိုသူသည် ၄င်းနှင့်စီးပွါးပြိုင်ဖက် ဖြစ်ကြောင်းသိရပါသည်။ သူ့တူမက ဆက်ပြီး သူ့အဒေါ်ကို နတ်ဆိုးတိုက်ခိုက်ခံရတာ ကြာပြီ ဖြစ်ပြီး တခါတရံ တံခါးများပိတ်ကာ သူ့ကိုသူကြိုးဆွဲချရန် အထိကြိုးစားခဲ့ကြောင်းနှင့် သို့သော် သူ့ကိုယ် သူသိမနေကြောင်း ပြောပြပါသည်။
ကျွန်တော့မှာ ဘာတန်ခိုးမှမရှိပါ။ သို့သော် ယေရှုဘုရားသည် တန်ခိုးကြီးသော ဘုရား၊ အသက်ရှင်သော ဘုရားနှင့် ငရဲသည်လည်း အမှန်တကယ်ရှိပါလားဟု သိခွင့်ရလိုက်ပါသည်။