ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။
ကျွန်တော်တို့ နေအိမ်လမ်းထိပ်တွင်လူတိုင်း၏ ချစ်ခင်လေးစားခြင်းကိုခံရသော အဒေါ်ကြီးတစ်ဦး ရှိပါသည်။ သူသည် ကွမ်းယာနှင့် မုန့်စုံဆိုင်လေးလည်းဖွင့်ထား ပါသည်။ ယုံကြည်သူမဟုတ်ပေမည့် လိုအပ်ချက်များရှိလျှင် အမှုတော်ဆောင်များကို ခေါ်ပြီး ဆုတောင်းစေတတ်ပါသည်။ သူ့တွင် သားတစ်ဦးရှိပြီး ထောင်ကျနေကြောင်း လည်းသိရပါသည်။ အဒေါ်ကြီးသည်လည်း မကြာမကြာထောင်ဝင်စာသွားတွေ့ လေ့ရှိပါသည်။
တစ်နေ့ သူ့သားထောင်မှလွတ်လာပါသည်။ ထောင်မှလွတ်လာသော်လည်း ဆက်လက်ဆိုးသွမ်း နေဆဲဖြစ်ပါသည်။ အထူးသဖြင့် သူ့အမေထံမှ အရက်ဖိုးတောင်း မရပါက အော်ဟစ်ဆဲဆို ရန်တွေ့တတ်လေ့ရှိပြီး နေ့စဉ်နီးနီး ထိုအသံကို ကြားနေ ရပါသည်။ ကျွန်တော်ထိုဆိုင်ရှေ့မှဖြတ်သွားတိုင်း စိတ်ထဲတွင် တာဝန်တစ်ခုကို လွှဲရှောင် နေသလို ခံစားနေရပါသည်။
ယေရှုက ငါသည်ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်း ငှါလာသည် မဟုတ်၊ အပြစ်ရှိသောသူတို့ကို ကယ်တင်ဖို့ရန် ကြွလာသတည်း။ (မ ၉း၁၃) ယေရှုခရစ် ၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့၊ ဆိုသည့် ထာဝရဘုရား၏ အမိန့်တော်ကို ငြင်းဆန်နေသကဲ့သို့ ခံစားရကာ ငြိမ်သက်ဝမ်းမြောက်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် အဒေါ်ကြီး၏ သားကို သွားရောက်စကားပြောရန် အတွက် ကြိုတင် ဆုတောင်း ဆက်ကပ်ခဲ့ပြီး ထိုဆိုင်ဖက်သို့ သွားခဲ့ပါသည်။
မနက်စောစောဖြစ်သည့်အတွက် အဒေါ်ကြီး၏သားမှာ အရက်မသောက်ရ သေးပါ၊ ထို့ကြောင့် ကျွန်တော်က သူ့အား ကျွန်တော် နောက်ထပ် သုံးရက်လောက် နေရင် တစ်နှစ်တာ ဧဝံဂေလိလုပ်ဖို့ဆက်ကပ်ထားသည့် အသင်းတော်သို့ ပြန်သွားမှာ ဖြစ်သည့် အတွက် လိုက်လည်ပါလားဟု ခေါ်ဖိတ်ကြည့်ပါသည်။ သူကလည်း လိုက်လိုကြောင်းပြန်ပြောသောအခါ၊ ‘ဒါဆို အရက်ဖြတ်မှဖြစ်မယ်၊ ဒီနေ့ပဲ ဖြတ်လိုက်ပါ လားဟုဆိုစဉ် ၊ သူကိုယ်တိုင်က ‘ဒီလို ချက်ခြင်းဖြတ်လို့ရမှာ မဟုတ်ဘူး၊ ‘ဒုက္ခရောက် လိမ့်မည်ဟု ပြန်ပြောပါသည်။ ကျွန်တော်ကလည်း မစိုးရိမ် ပါနဲ့ကျွန်တော့အိမ်မှာ လိုက်နေပါဟုဆိုပြီး သူ့ကိုတခါတည်း ခေါ်ခဲ့ပါသည်။
အိမ်သို့ရောက်သည်နှင့် သူ့အတွက်ဆုတောင်းဆက်ကပ်ပြီး အရက်ထွက် သောက်လိုစိတ်မရှိစေရန် သူ့အနားမှ မခွါ နေပေးခဲ့ပါသည်။ မကြာပါ ခြေလက်များ တုန်လာပြီး စားသောက်သမျှ ပြန်အန်ပါတော့သည်၊ သူ့အန်ဖတ်များ ကျုံးပေးရသလို နောက်တစ်နေ့တွင် ခွက် ဇွန်းများပင် မကိုင်နိုင်သည့်အတွက် ကျွန်တော်ကိုယ်တိုင် သူ့ကိုခွံ့ကျွေးခဲ့ရပါသည်။ သုံးရက်ခန့် ကြာသောအခါ အစာ အဖတ်များစားနိုင်လာ သည့်အတွက် သူနှင့် အတူခရီးထွက်ခဲ့ပါသည်။
အသင်းတော်သို့ရောက်သောအခါ သူအား ကျွန်တော်သွားလေရာသို့ လိုက်ပြီးလေ့လာစေခဲ့ပါသည်။ ဒေသခံများနှင့်လည်း မိတ်ဆက်ပေးပါသည်။ သုံးပတ် ခန့်ရှိသောအခါအသင်းတော်တွင် ကျမ်းစာသင်တန်းရှိသည့်အတွက် သူ့ကိုပါ တက်ခိုင်းပါသည်။ ထိုစဉ် ဆရာကစစ်မှန်သော နောင်တအကြောင်း သင်ပေးပြီး ဘုရားက ထိုကဲ့သို့နောင်တရသောသူကို ခွင့်လွှတ်ကယ်တင်နိုင်ကြောင်း နှင့် ကားတိုင်ထက်မှ လူဆိုးကြီးအား ယေရှုဘုရား ကယ်တင်ခဲ့ပုံကို ဥပမာပေး၍သင်ကြားခဲ့ပါသည်။
ထိုသင်္ခန်းစာအပြီး သူနှစ်ခြင်းမင်္ဂလာခံယူမည့်အကြောင်း ကျွန်တော့ကို ပြောလာပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ချိန်က အလွန်အမင်း ဆိုးသွမ်းခဲ့သည့်အတွက် ငရဲကျမည့်အတူတူ မထူးဇာတ်ခင်းလျက် ဆက်လက်မိုက်မဲ နေခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု သူ့ကို ခွင့်လွှတ်ကယ်တင်နိုင်မည့်အရှင်အကြောင်းကို သိရသည့်အတွက် ထိုအရှင်ကို ကိုးကွယ်လိုကြောင်းပြောလာပါသည်။ ထို့နောက် သူသည် နှစ်ခြင်းမင်္ဂလာခံယူဖြစ်ပြီး သာသနာပြုလုပ်ငန်းတစ်ခုတွင် မော်တော်ယဉ်မောင်း သူအဖြစ် သွားရောက် ဆက်ကပ်ခဲ့ပါသည်။
ကျွန်တော့ကို ဘုရားကခွန်အားမပေးလျှင် နေ့စဉ်လမ်းဘေးတွင်မူးလဲနံစော် နေသောသူအား အိမ်သို့ခေါ်၍ ပြုစုစောင့် ရှောက်ရန် မဖြစ်နိုင်ပါ၊ ဘုရား၏ ခွင့်လွှတ်ခြင်း တရားအကြောင်းကို ထိုသူမသိရှိခဲ့လျှင်၊ သို့မဟုတ် လောကတွင် ဘုရား၏ခွင့်လွှတ် ခြင်းတရားအကြောင်းမရှိခဲ့လျှင် ထိုသူ၏ မထူးဇာတ်ခင်းပြီးဆိုးသွမ်းနေမှုသည် သူနှင့် အတူ လူပေါင်းမည်မျှကို ဒုက္ခရောက်စေနိုင်မည် မသိနိုင်ပါ။ ဘုရားရှင်၏ ခွင့်လွှတ်ခြင်း တရားနှင့် ယေရှုခရစ်၌အသစ်သော အသက်တာသစ်ကို လူတိုင်းရရှိခံစားနိုင်ကြပါ စေသော။